မိုင်းပျဉ်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ (ရက်သတ္တပတ်) လှုပ်ရှားမှုအနေဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ကျေးရွာ၊ လားဟူနှစ်ချင်းဘုရားရှိခိုးကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်ဟိန်းက ဝက်များတွင် ဖြစ်ပွားတတ်သည့် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်းသိကောင်းစရာများ၊ ကြိုတင်ကာကွယ်ထားရန်အချက်များနှင့် သတင်းစကားများကိုလည်းကောင်း၊ ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ် မွေးကုဦးစီးဌာနမှ ဒေါက်တာမျိုးနိုင်က အယ်နီညိုကြောင့် ရာသီဥတုပြောင်းလဲသက်ရောက်မှုများ၊ မွေးမြူရေးလုပ်ငန်းတွင် သက်ရောက်နိုင်မှုအခြေအနေများနှင့် ကြိုတင်ပြင်ဆင်ထားရန်အချက်များကိုလည်းကောင်း၊ တာချီလိတ်ခရိုင် မွေးကုဦးစီးဌာနမှ ဒေါက်တာတင်ကိုကိုက ဇီဝလုံခြုံရေးအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကိုလည်းကောင်း အလှည့်ကျ ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးဟောပြောပွဲအပြီးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား ခြံဖြန်းပိုးသတ်ဆေးများနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း၊ ၎င်းဟောပြောပွဲသို့ ဝမ်မိုင်ကျေးရွာပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(နန်းသန္တာဦး)ပြန်/ဆက်