ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့်တွေ့ဆုံ

စစ်တွေ    အောက်တိုဘာ  ၁၉

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်က ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ မညီမျှမှုတွေ တိုက်ဖျက်စို့ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ မတူညီသည့်အခြေအနေများရှိကြသော နိုင်ငံများအကြား၊ မတူညီသည့်အခြေအနေရှိကြသော လူပုဂ္ဂိုလ်များအကြား မညီမျှသည့်အခြေအနေများကြောင့် ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးအတွက် အတားအဆီး၊ အခက်အခဲများရှိနေကြမှုများကို အားလုံးသော ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းဖယ်ရှားကျော်လွှားကြပြီး ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် ကမ္ဘာသူ ကမ္ဘာသားများ ဖြစ်ကြစေရေး ဆောင်ရွက်ကြရန်ရည်ရွယ်တိုက်တွန်းထားခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများ၊ အာဆီယံဒေသတွင်း နိုင်ငံများမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံမှာလည်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီကဦးဆောင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းလျက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ပြဋ္ဌာန်းထားပြီးဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သည်လည်း တည်နေရာအနေအထားအရ သဘာဝဘေးအန္တရာယ်များ အထူးသဖြင့် မုတ်သုံဝင်ရောက်ချိန်မေလနှင့် မုတ်သုန်ဆုတ်ခွာချိန် အောက်တိုဘာလတို့တွင် မုန်တိုင်းအန္တရာယ် ကျရောက်ဖြစ်ပွားနိုင်ခြေမြင့်မားသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မေလ ၁၄ ရက်နေ့က အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်အတွက် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် မြို့နယ်(၁၀)မြို့နယ်တွင် ထိခိုက်ဆုံးရှုံးမှုများ များစွာရှိခဲ့ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့်လုပ်ငန်းကော်မတီများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအတူလက်တွဲ ပူးပေါင်းကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ တပ်မတော်၏လူအင်အား၊ ပစ္စည်းအင်အားထောက်ပံ့ပေးမှု များကြောင့် မုန်တိုင်းသည် ၂၀၀၈ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်းနှင့်လေတိုက်နှုန်းတူညီမှုနီးပါးရှိခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုမှာ သိသိသာသာလျော့နည်းခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အဆင့်ဆင့်သောအဖွဲ့များဖွဲ့စည်းကာ တာဝန်ဝတ္တရာများ သတ်မှတ်ပြီးဆောင်ရွက်နေသကဲ့သို့ ပြည်သူလူထုအနေဖြင့်လည်း လူထုအခြေပြုလုပ်ငန်းများမှာ တက်တက်ကြွကြွပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်မှသာ ဘေးအန္တရာယ်များကနေ ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်းပေါ်ထွန်းလာမည်ဖြစ်ပြီး ဒေသတစ်ခုနှင့်တစ်ခုအကြား မညီမျှမှုများကျဉ်းမြောင်း လာကာ အားလုံးတန်းတူညီမျှဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်ဖြစ်လာစေရေးကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကား ရုပ်သံအား ပြသပြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုကို ပြသသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခန်းမအတွင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ စစ်တွေခရိုင်၊ မောင်တောခရိုင်နှင့် မြောက်ဦးခရိုင်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စည်ပင်သာယာရေးလုပ်ငန်းများသည် အလွန်အရေးကြီးပါကြောင်း၊ လူထုနှင့်ထိတွေ့ဆက်စပ်နေရသောအဖွဲ့ဖြစ်ပြီး အစိုးရအဖွဲ့၏ပုံရိပ် ကိုလည်းဖော်ပြနေသောအဖွဲ့ဖြစ်ကြောင်း၊ မည်သည့်မြို့၊ မည်သည့်ခရိုင်၊ မည်သည့်ဒေသကိုသွားသည်ဖြစ်စေ မြို့ရွာများသန့်ရှင်းသာယာလှပနေလျှင် စည်ပင်သာယာလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားသည်ဟု ထင်မှတ်ရပါကြောင်း၊ ထို့ကြောင့် စည်ပင်သာယာဝန်ထမ်းများသည် မနက်မိုးလင်းသည်မှ မိုးချုပ်သည်အထိ လူထုနှင့်ထိတွေ့ ဆောင်ရွက်နေရ သောဝန်ထမ်းများဖြစ်ကြောင်း၊ မြို့များကိုရောက်လျင် ဈေး၊ လမ်း၊ တံတား၊ ပန်းခြံများကို အဓိကထား လှည့်လည်ကြည့်ရှုကြပြီး မြို့ရွာသန့်ရှင်းသာယာရေးကို အကဲဖြတ်ကြပါကြောင်း၊ လက်ရှိတွင်လည်း မြို့ရွာများသန့်ရှင်း သာယာလှပရေးအတွက် အပတ်စဉ်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို နယ်မြေခံတပ်မတော်သားများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထိုလုပ်ငန်းများသည် စည်ပင်သာယာလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စည်ပင်သာယာဝန်ထမ်းများအနေဖြင့် စေတနာထားကာ စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့တွင်ရှိသောဝန်ထမ်းများနှင့် မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ အဓိကအားဖြင့် အမှိုက်များကို စနစ်တကျစီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အမှိုက်စွန့်ပစ်သည့်စနစ်များ၊ အမှိုက်သိမ်းဆည်းသည့်စနစ်ကို မြို့ငယ်လျှင်ငယ်သကဲ့သို့ မြို့ကြီးလျှင်ကြီးသကဲ့သို့ အမှိုက်စွန့်ပစ်ခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ လမ်းဘေးဈေးဆိုင်များနှင့် ကျူးကျော်ကိစ္စများကိုလည်း စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းဖွဲ့စည်းမှုများကိုလည်း စနစ်တကျနှင့် လူအင်အားကိုခန့်ခွဲတာဝန်ပေးအပ်စေလိုကြောင်း၊ ကျွမ်းကျင်သည့်လူများကို ခေါင်းဆောင်အဖြစ် စနစ်တကျတာဝန်ပေးအပ်ရမည်ဖြစ်ကြောင်း၊ ရရှိထားသည့်လူအင်အား၊ ရရှိထားသောယန္တရားများဖြင့် စနစ်တကျ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကို သင့်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဆိုလျင်  မြို့ရွာများ သန့်ရှင်းသာယာလှပလာမည်ဖြစ်ကြောင်း၊ မြို့တွင်းလမ်းများ၊ မြို့ပေါ်ရှိတံတားများ စနစ်တကျသန့်ရှင်းလှပအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြို့တစ်မြို့တွင် အားကစားကွင်းတစ်ခု၊ ပန်းခြံတစ်ခုရှိအောင်လုပ်ဆောင်ကြစေလိုကြောင်း၊ ထို့ပြင် စည်ပင်သာယာရေးလုပ်ငန်းတွင် အဓိကအရေးကြီးသည့် ရေကောင်းရေသန့်ရရှိရေးနှင့် ရေပေးဝေရေးစနစ်ကိုလည်း စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်ကြစေလိုကြောင်းနှင့် ယခင်နှစ်ကအခြေအနေ၊ ယခုနှစ်တိုးတက်လာမှု အခြေအနေတို့ကို လအလိုက်လုပ်ဆောင်မှု၊ လုပ်ဆောင်မည့်လုပ်ငန်း၊ အပတ်စဉ်လုပ်ဆောင်မည့်လုပ်ငန်းများကို သေချာစွာစီမံခန့်ခွဲကာလုပ်ဆောင်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြို့ရွာများသန့်ရှင်းသာယာ လှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)