နမ့်ခမ်းမြို့နယ်၌ အရသာထူးကဲကောင်းမွန်သော ဒေသထွက်ပလောင်လက်ဖက် ဈေးကောင်းရ

နမ့်ခမ်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ တောင်ပေါ်ဒေသတစ်ကျောတွင် ပလောင်လက်ဖက်စိုက်ပျိုးသည့် ကျေးရွာများဖြစ်သည့် မန်အောင်ကျေးရွာ၊ ဆာလုကျေးရွာ၊ ကောင်းခေကျေးရွာ၊ မန်လုံကျေးရွာ၊ ကောင်းဝိုင်းကျေးရွာ၊ အွယ်လောကျေးရွာတို့မှ စိုက်ပျိုးတောင်သူများသည် ပလောင်လက်ဖက်များကို အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချရချိန်၌ ဈေးကောင်းရရှိကြောင်း သိရသည်။

လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်နှင့် အင်ဒိုချိုင်းနားဟူ၍ မျိုး(၄)မျိုးရှိရာ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကစိုက်ပျိုးကြသည်။ လက်ဖက်အဓိကစိုက်ပျိုးသောဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး တောင်ပေါ်ဒေသများရှိ တောင်စောင်းများတွင် မိရိုးဖလာစိုက်ပျိုးနည်းစနစ် အပြင် လှေကားထစ်သဖွယ်ဖြင့်လည်း စိုက်ပျိုးကြသည်။ ရှေးဦးစွာ လက်ဖက်ညွန့်များကို လေသလပ်ခံဖြန့်ထားပြီး အရိပ်တွင်ထားရမည်။ ထို့နောက် လက်ဖက်ကို ဒယ်အိုးဖြင့် (၃)မိနစ်ခန့်လှော်ရမည်။ လှော်ပြီးသော လက်ဖက်များကို လက်ဖြင့်လှိမ့်နယ်ကာ နယ်ထားသော လက်ဖက်များကို နေရောင်တွင် လှန်းရမည်။ နေရောင်တွင် လှန်းထားခြင်းဖြင့် လက်ဖက်အရောင်ကို ပိုမိုတောက်ပလာစေမည်။ အစိုဓာတ်မပြန်စေရန်အတွက် အစိုဓာတ်မရှိအောင် အခြောက်ခံထားရပါ မည်။ အနံ့များ စုပ်ယူမှုမရှိစေရန်အတွက်လေလုံသော ပလပ်စတစ်အိတ်ခွံဖြင့် ထုတ်ပိုးထားရမည်။ ရရှိလာသည့် ပလောင်လက်ဖက်ခြောက်များကို နမ့်ခမ်းမြို့မဈေး၊ နီးစပ်ရာမြို့နယ်များသို့လည်း တင်ပို့ရောင်းချပါသည်။ လက်ဖက်ခြောက် တစ်ပိဿာလျှင် (၁၀၀၀၀/-) ကျပ်နှင့် လက်ဖက်အစိုတစ် ပိဿာလျှင် (၅၀၀၀/-) ကျပ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ကာ ပလောင်လက်ဖက်လုပ်ငန်းက အဆင်ပြေချောမွေ့ပြီး ဈေးကောင်းရရှိနေပါကြောင်း ပလောင်လက်ဖက်လုပ်ငန်းလုပ်ကိုင်သူ လက်ဖက်ခြံပိုင်ရှင် ဦးမိုင်းမောင်မောင်ဟန်ထံမှ သိရပါသည်။

နမ့်ခမ်းမြို့နယ်ရှိ လက်ဖက်ပင်များသည် သက်တမ်းရင့် လက်ဖက်ပင်များဖြစ်ပြီး ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများအသုံးပြုခြင်းမရှိဘဲ သဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးထားရှိသော လက်ဖက်ပင်များ ဖြစ်ပါသောကြောင့် စားသုံးသူများအနေဖြင့် ဘေးဥပါဒ်အန္တရာယ် ကင်းဝေးစေပါသည်။ လက်ဖက်မှ ကျန်းမာရေးကောင်းကျိုးများအနေဖြင့် အမိုင်နိုအက်စက်၊ Vitamin Bနှင့် VitaminEတို့ပါဝင်သည့်အတွက် သွေးဖိအားကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်အဆီများကိုလည်း ကျစေနိုင်ကာ နမ့်ခမ်းမြို့နယ်သည် လက်ဖက်ကောင်းထွက်ရှိရာဒေသတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။  

နမ့်ခမ်း(ပြန်/ဆက်)