မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေး ဆောင်ရွက်နေသော ငါးမွေးတောင်သူများအား ငါးဖမ်းဆွဲပိုက်အသုံးပြုနည်း လက်တွေ့သရုပ်ပြခြင်း ကွင်းဆင်းဆောင်ရွက်

မချမ်းဘော အောက်တိုဘာ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ငါးမွေးမြူရေးဆောင်ရွက်နေသော ငါးမွေးတောင်သူများအား ငါးအလေအလွင့်ပျက်စီးမှုမှ ကာကွယ်ရန်နှင့် ငါးဖမ်းယူမှုလွယ်ကူစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ငါးဖမ်းဆွဲပိုက်များ လက်တွေ့အသုံးပြုနည်း သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျေးရွာရှိ ငါးမွေးမြူရေးကန်များ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငါးဖမ်းဆွဲပိုက်ပိုက်ချနည်း၊ ပိုက်ဆွဲနည်း၊ ပိုက်သိမ်းနည်း စနစ်များကို လက်တွေ့သရုပ်ပြခဲ့ပြီး ငါးဖမ်းယူပြီး သည့်အခါ ပြန်လည်သိမ်းဆည်းပုံ၊ ကြွက်အန္တရာယ်မှ ကာကွယ်ရန်ထားသို ပုံများ၊ တန်ဖိုးကြီးသည့် ပစ္စည်းဖြစ်၍ အကျိုးရှိစွာ ရေရှည်သုံးစွဲနိုင်အောင် သုံးစွဲသူများမှ စည်းကမ်းတကျ ထိန်းသိမ်း ထားသိုနည်းများကိုပါ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းသရုပ်ပြရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံငါးမွေး တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)