ပင်းတယမြို့နယ်၌ ဂန္ဓမာပန်းမျိုးစိပ်ဝင် စံပယ်ဖြူနှင့် စံပယ်ဝါပန်း စိုက်ပျိုးတောင်သူများ စျေးကောင်းရရှိနေ

ပင်းတယ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျောက်စုကျေးရွာအုပ်စု ကိုးလုံးကျေးရွာ ဘဲနှောက်ရေထွက်အင်း စိုက်ပျိုးလယ်မြေများတွင် ဝါခေါင်လ ပထမပတ်မှ စတင်စိုက်ပျိုးထားသည့် ဂန္ဓာပန်းမျိုးစိပ်ဝင် ဒေသအခေါ် “စံပယ်ဖြူနှင့်စပယ်ဝါ"ပန်းခင်းများမှ ပန်းများကို ယခု အောက်တိုဘာလ ပထမပတ်တွင် စတင်ခူးဆွတ်ရောင်းချချိန်၌ စျေးကောင်းရရှိ‌နေကြောင်း သိရသည်။

အဆိုပါ စံပယ်ဖြူ၊ စပယ်ဝါပန်းခင်းစိုက်ပျိုးရေး လုပ်ကိုင်သူ ခြံပိုင်ရှင် ဒေါ်ခင်စီက "စံပယ်ဖြူ၊ စံပယ်ဝါပန်းခင်းများကို မျိုးစေ့ချ စတင်စိုက်ပျိုးခဲ့ပြီး ရရှိလာသည့် ပန်းဦးပန်းခက်တွေကို ခူးယူပြီး ပင်းတယမြို့မဈေး၊ နီးစပ်ရာကျေးရွာများသို့လည်း တင်ပို့ရောင်းချပေးပါတယ်၊ စံပယ်ဖြူ၊ စံပယ်ဝါပန်းခက် သုံးခက် တစ်စည်းကို ငွေကျပ် တစ်ထောင်စျေးနှုန်းဖြင့် ပန်းစည်းများအဖြစ် ပြုလုပ်ကာ ရောင်းချပေးပါတယ်ရှင့်၊ ဘဲနှောက်သဘာဝရေထွက်အင်းက ရေများ ခုတ်တင်ဖြန်းပက်ပေးခြင်းနဲ့ ယခင်နှစ်က ပြုစုထိန်းသိမ်းထားတဲ့ ပန်းမျိုးစေ့တွေနဲ့ ပြန်လည်စိုက်ပျိုးထားပါတယ်ရှင့်၊ ပန်းစိုက်ပျိုးရေးလုပ်ငန်း စတင်စိုက်ပျိုးဆောင်ရွက်စဥ်က အရင်းအနှီးငွေကျပ်၂ သိန်းခွဲခန့် ကုန်ခဲ့သော်လည်း ယခုအခါ ဈေးကောင်းရရှိနေတာမို့ ပန်းစည်းရောင်းဝယ်ရေးလုပ်ငန်းက အဆင်ပြေချောမွေ့ပြီး စျေးကောင်းရရှိနေတယ်လို့” ပြောပြပါသည်။

အောင်ကိုဦး(ပြန်/ဆက်)