နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ တုံ့ပြန်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် အောက်တိုဘာလ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ တုံ့ပြန်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် သဘာဝဘေးကျရောက်ခဲ့သည့် ဒေသများအား ကူညီထောက်ပံ့ပေးမှု အခြေအနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့ရသည့် လယ်ယာစိုက်ခင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းများ၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ၊ နေပြည်တော်အတွင်းရှိ ဆည်၊ တမံများ ရေဝင်ရောက်မှု အခြေအနေနှင့် ရေပေးဝေမှု အခြေအနေများကို သက်ဆိုင်ရာဌာနများက အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စီမံချက်များရေးဆွဲ၍ ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်စေလိုကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့မှုကြောင့် စပါးအပါအဝင် ပျက်စီးခဲ့သည့် သီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ကြစေလိုကြောင်း၊ နွေစပါးနှင့် နွေသီးနှံများကို အောင်မြင်အောင် သက်ဆိုင်ရာ ဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများ၊ တံတားများနှင့်ပတ်သက်၍ အမြန်ဆုံးပြုပြင်နိုင်ရေး စီမံဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ မြှင့်တင်ဆောင်ရွက်ခြင်း၊ MSME လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်စေလိုကြောင်း၊ စက်ရုံအလုပ်ရုံများတွင် ကုန်ကြမ်းများ လုံလောက်စွာရရှိရေး ဒေသထွက်ပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် အားပေးကူညီ ဆောင်ရွက်စေလိုကြောင်း၊ ဒေသထွက် ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင် သက်ဆိုင်ရာ ဌာနများအနေဖြင့် ဝိုင်းဝန်းပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)