မော်လမြိုင် အောက်တိုဘာ ၁၈
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယနေ့ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်များရဲ့ ဖြစ်ပွားမှုအကြိမ်ရေများလာမှုနှင့် ပိုမိုပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း၊ ဒေသတစ်ခုတည်း ဆောင်ရွက်ခြင်းဖြင့်မရနိုင်ဘဲ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်ကြလိုကြောင်း၊ ဒေသခံပြည်သူများအနေနဲ့ မိမိဒေသတွင် သဘာဝဘေးလျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိန်းမှုများ၊ သဘာဝအရင်းအမြစ်များ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့မွန်ပြည်နယ်အတွင်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်းတစ်ခု ဖြစ်လာစေရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြာခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ သတင်းစကားရုပ်သံ (Video Message) အားလည်းကောင်း၊ မညီမျှခြင်းမှသည် ညီမျှခြင်းစီသို့ စင်တင်ပြဇာတ်တို Video အားလည်းကောင်း၊ မိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းတင် Video အားပြသနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံပြပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)