သံတွဲ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အိမ်တိုင်ရာရောက်သွားရောက် ပေးအပ်ခဲ့ကြသည်။
ထိုသို့ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သံတွဲမြို့နယ်အနေဖြင့် အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား အဘိုး(၃၅၃)ဦး၊ အဘွား(၇၁၉)ဦး စုစုပေါင်း ဘိုးဘွား(၁၀၇၂) ဦးတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၃၂၁၆၀၀၀၀)ကျပ် (သုံးရာနှစ်ဆယ့်တစ်သိန်းခြောက်သောင်း) ကျပ်တိတိပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများကလည်း ဆက်လက်ပြီး မိမိတို့ရပ်ကွက်/ ကျေးရွာများအလိုက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးအောင်