ဇေယျာသီရိ အောက်တိုဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကန်သာအေးကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနက ချမှတ်ထားသော မူဝါဒ၊ ပန်းတိုင်များနှင့်အညီ မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းလာစေရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး စသော ရည်ရွယ်ချက်များနှင့်အညီ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များအား အိမ်တွင်းမှု သက်မွေးပညာရပ်များ တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်၊ ကျေးလက်ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တက်မြောက်စေရန်နှင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် စသောရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိဘဝ၊ မိသားစုဘဝ တိုးတက်ရေးအတွက် လေ့ကျင့်သင်ကြားပေးထားသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပညာရပ်များကို အကျိုးရှိရှိ အသုံးပြုကြရန်နှင့် သင်တန်းက သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးပြီး လက်တွေ့နယ်ပယ်တွင် တတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများ တိုးပွားအောင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့က သင်တန်းတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်နှင့် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်တို့က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကံသာအေးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အရှင်ဝိလာသထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါအဆင့်မြင့်အပ်ချုပ်စက်သင်တန်းသို့ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုအတွင်းမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် အမျိုးသားဝတ်ရှပ်အင်္ကျီချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ လေးလွှာစကပ်ချုပ်နည်း၊ နောက်ဇစ်တပ်နည်းနှင့် အင်္ကျီဖြတ်ဆက်ချုပ်နည်းများကို စက်တင်ဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)