တာချီလိတ် အောက်တိုဘာ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၇ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်၊ တာကြန့်ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ တာကြန့်ခေတ်မီစံပြကျေးရွာ ခန်းမဆောင်တွင် တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက တာကြန့်ခေတ်မီစံပြကျေးရွာ(Smart Village)စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေး စီမံကိန်း ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ရေးလုပ်ငန်း စက်ချုပ်သင်တန်းမှ လုပ်ငန်းထူထောင်မည့် ထူးချွန်ဆုရသင်တန်းသူ ငါးဦးအား လုပ်ငန်းသုံးပစ္စည်း ၇မျိုးနှင့် တောင်သုံးလုံး (အလယ်ရွာ) လူငယ်များ အလုပ်အကိုင် ဖန်တီးပေးနိုင်ရေး ဆိုင်ကယ်ပြင်သင်တန်းမှ လုပ်ငန်းထူထောင်မည့် ထူးချွန်ဆုရ သင်တန်းသား ငါးဦးအား လုပ်ငန်းသုံးပစွည်း ၆ မျိုးကို ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ပြီး ကျေးရွာသားများကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆလိုင်းဒေးဗစ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက တာကြန့်ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ လမ်းညွှန် အမှာစကား ပြောကြားပြီး ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် အရှည်(၁)မိုင်၊ အကျယ်(၁၂)ပေ တာကြန့်ကျေးရွာ ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကျယ်(၁၀)ပေ၊ အနက်(၂၆)ပေ လက်တူးတွင်းနှင့် 1.8KW ဆိုလာစနစ်ဖြင့် ကျေးရွာ ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတ ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ကွန်ပျူတာနှင့် Wifi တပ်ဆင်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဖြတ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် အရှည်(၁)မိုင်၊ အကျယ်(၁၆)ပေ၊ ထု(၆)လက်မ အိုက်လုံ-အိုက်ငို့ကျေးရွာချင်းဆက် ကျောက်ချောလမ်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)