ရှမ်းပြည်နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ်ခွဲမှ ယခင်နှစ်ကထက် ချေးငွေပိုမိုထုတ်ချေးနိုင်ရန် လျာထား

တောင်ကြီး အောက်တိုဘာ ၂၁

စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေသော တောင်သူများအတွက် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရှမ်းပြည်နယ် ဘဏ်ခွဲအနေဖြင့် ယခင်နှစ်ကထက် ချေးငွေ ကျပ်သန်း(၃၂၆၉၈.၇၅)သန်း ရာခိုင်နှုန်းအားဖြင့် (၁၀%)ပိုမိုထုတ်ချေးနိုင်ရန် လျာထား သည့် အပြင် ရှမ်းပြည်နယ်အတွင်းရှိ ဖယ်ခုံ၊ ရပ်စောက်၊ လင်းခေး၊ သိန္နီမြို့နယ်တို့မှာ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ၊ ပြည်နယ်မန်နေဂျာ ဦးကျော်သူရ ထံမှ သိရသည်။

ရှမ်းပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးပေးသည့်အခါ တောင်သူများရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)များ ကို အာမာခံအဖြစ်ရယူပြီး တစ်ဦးချင်းစနစ် ဖြင့် ထုတ်ပေးနေတယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ကန်တော်မြေဒေသ မှာတော့ ပုံစံ(၇)  အပေါင်မပေးနိုင်တဲ့တောင်သူများကို တောင်သူတွေ့ရဲ့ဆန္ဒဖြင့် ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမား (၅)ဦး အစုအဖွဲ့ဖြင့် အာမာခံချက်ရယူတဲ့စနစ်နဲ့လည်း စိုက်ပျိုးရေးစရိတ် ချေးငွေများကို ထုတ်ချေးပေးတယ်၊ အတိုးနှုန်းများကိုလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကစပြီး စိုက်ပျိုးရေးစရိတ်ချေးငွေများကို (၁)နှစ်မှာ (၈%)ဖြင့်သတ်မှတ် ကောက်ခံခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်မှစပြီး စိုက်ပျိုးစရိတ်ချေးငွေများနှင့် JICA ချေးငွေများကို (၁)နှစ်လျှင် အတိုးနှုန်း (၅%)ထိ လျော့ချကောက်ခံခဲ့ပါတယ်၊ MEP TWO Sept Loan ချေးငွေများကို ယခင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ (၁)နှစ်ကို အတိုးနှုန်း (၉%)ကောက်ခံရာမှ ၂၀၂၀ ပြည့်နှစ် ဧပြီ(၁)ရက်မှစပြီး (၈%)ဖြင့်၊ ၂၀၂၀ ပြည့်နှစ် မေလ(၁)ရက်မှစပြီး (၁)နှစ်ကို အတိုးနှုန်း (၆.၅%)ဖြင့် ပြောင်းလဲ သတ်မှတ်ကောက်ခံခဲ့ပါတယ်၊ နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေသာမက JICA ၏ ထောက်ပံ့မှုဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်တဲ့ တောင်သူများကို နှစ်တိုနှစ်ရှည်ချေးငွေများလည်း ထုတ်ချေးပေးလျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။

ရှမ်းပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် နွေ၊ မိုး၊ ဆောင်း သီးနှံသုံးမျိုးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တောင်သူဦးရေ (၆၉၅၃၆၂)ဦး၏ သီးနှံ ဧက(၃၉၅၃၆၂) ဧကအတွက် ချေးငွေကျပ်သန်း (၃၆၄၇၁.၅၅)သန်း ထုတ်ချေးပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ Special Release Loan ဖြင့်(၁)ဧက (၅)သောင်းနှုန်းဖြင့် တောင်သူဦးရေ (၂၄၃၄၇) ဦး ၏ သီးနှံဧက (၁၃၄၉၄၉)ဧကအတွက် ချေးငွေကျပ်သန်းပေါင်း (၆၇၄၇.၅၅) သန်းကို ယခု ၂၀၂၀ ပြည့်နှစ် မိုးရာသီအတွင်း ထပ်မံထုတ်ချေးနိုင်ကြောင်း ရှမ်းပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲထံမှ သိရသည်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ရှမ်းပြည်နယ်ရှိ မြို့နယ်(၁၂) မြို့နယ် မှာ ဘဏ်ခွဲများဖွင့်လှစ်ပြီး မြို့နယ်ပေါင်း (၂၉)မြို့နယ်ကို ပူးတွဲကိုင်တွယ်ကာချေးငွေများ ထုတ်ချေးပေးနေကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)