ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန် အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ခေါင်းဆောင်မှု” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်း ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်း၊  စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိလာပြီး တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်း စသည့်စာဖတ်ဝိုင်း ဆွေးနွေးပွဲမှ ရရှိသည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှအဖွဲ့ဝင် ဒေါ်မို့မို့စံက “ကျေးဇူးတင်စရာ” ခေါင်းစဉ်ဖြင့် ပျော်ရွင်အောင်မြင်သော ဝန်ထမ်းဘဝ၊ ဝန်ထမ်းကောင်း၊ အလုပ်တန်ဖိုး၊ သိရမယ်၊ မဟာဗျူဟာပိုင်း၊ အတွဲ အခွဲ၊ အပေးအယူ၊ မိသားစု၊ ဘဝဇာတ်ဆောင်၊ ကျင့်ဝတ်ကျင့်ထုံး စသည့်အကြောင်းအရာများဖြင့် နိုင်ငံနှင့်ပြည်သူကို အကောင်းဆုံး အလုပ်အကျွေးပြုနိုင်စွမ်းရှိမှသာ တန်ဖိုးကြီးမားလေးစားရသည့် ပြည်သူ့ဝန်ထမ်းများဖြစ်စေကြောင်း၊ အဖွဲ့ဝင် ဦးနိုင်ထွန်းဇော်က “အကျင့်ကောင်းမွေးရမှာ” ခေါင်းစဉ်ဖြင့် လူတိုင်းအတွက် ဘဝတစ်သက်လုံး ကျန်းမာ၊ ကြီးပွား၊ အသက်ရှည်၊ ပျော်ရွှင်ကြစေရန် အောင်မြင်ကြီးပွား ထင်ရှားသူများ၏ အလေ့အကျင့်ဖြစ်သော မနက်စောစောဖပါ၊ နံနက်ခင်းအလုပ်စလုပ်ပါ၊ စာကောင်းပေကောင်းတွေဖတ်ပါ၊ တရားထိုင်ပါ၊ အချိန်မှန်မှန်စားပါ၊ အိပ်ပါ စသည့် အကြောင်းအရာများ ပြည့်စုံရန်လိုအပ်ကြောင်း၊ မိမိတို့ဖတ်ရှုနားလည်မှုများအား စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)