နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် မဟာအင်ဂျင်နီယာ၊မဟာသိပ္ပံ သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူ

ကျောက်ဆည်  အောက်တိုဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၂၃)ရက်နေ့မှ စတင်၍ မဟာအင်ဂျင်နီယာ၊ မဟာသိပ္ပံ သင်တန်းများဖြစ်သည့် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ မက္ကာထရောနစ်အင်ဂျင်နီယာ၊ သတ္တုဗေဒအင်ဂျင်နီယာ၊ နျူကလီယား အင်ဂျင်နီ ယာ၊ ဇီဝနည်းပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာအင်ဂျင်နီယာ၊မဟာသိပ္ပံ သင်တန်းများသည် အချိန်ပြည့်သင်တန်းများဖြစ်ကြောင်းနှင့် မဟာဘွဲ့အကြိုသင်တန်း(၁)နှစ်နှင့် သုတေ သနကျမ်းပြုသင်တန်း(၁)နှစ် စုစုပေါင်း(၂)နှစ်သင်တန်းဖြစ်ကာ မဟာဘွဲ့ အကြိုသင်တန်း(Course Work) ဖြေဆိုအောင်မြင်ပြီးသူများအနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများသာ သုတေသနကျမ်းပြုသင်တန်းသို့ တက်ရောက်ခွင့်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဝင်ခွင့်လျှောက်ထားသူများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာအဓိကဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့/သိပ္ပံဘွဲ့ရရှိပြီး မဟာအင်ဂျင်နီယာဘာသာရပ်/ မဟာသိပ္ပံဘွဲ့ သင်တန်းများသို့ တက်ရောက်ရန် အဆင့်မီသူများဖြစ်ရန်လိုကြောင်း၊ သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းစည်းကမ်းချက်များကို လိုက်နာသူများဖြစ်ရန်၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရန်လိုကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအနေဖြင့် တစ်ဆက်တည်းလုပ်သက် (၂)နှစ်ပြည့်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူ ဖြစ်ရန်နှင့် ပစ်မှုကင်းရှင်းရန် လိုကြောင်းနှင့် သင်တန်းတက်ရောက်ပါက လုပ်ငန်းတာဝန်ထိခိုက်မှု မရှိကြောင်းသင်ဆိုင်ရာ ဌာနမှူးနှင့် ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးတို့မှ လျှောက်ထားခွင့်ပြုကြောင်းထောက်ခံချက်နှင့် သက်ဆိုင်ရာဦးစီးဌာနမှ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ခွင့်ပြုချက်ပါရှိရန်လိုကြောင်း သိရသည်။

သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုခွင်လျှောက်လွှာများကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ၂၀၂၃ ခုနှစ်၊အောက်တိုဘာ(၁၇)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ(၁၄)ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အင်္ဂလိပ်စာဘာသာရပ်ကို နိုဝင်ဘာ(၁၆)ရက်နေ့ နံနက်(၉)နာရီမှ(၁၂)နာရီအထိ လည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များကို နိုင်ဝင်ဘာ(၁၇)က်နေ့ နံနက်(၉)နာရီမှ(၁၂)နာရီအထိ ဖြေဆိုသွားရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ခွင့်ရရှိသူများကို နိုဝင်ဘာ(၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ သိရသည်။

သက်မောင်(ကျောက်ဆည်)