မိတ္ထီလာမြို့နယ်တွင်   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ  

မိတ္ထီလာ အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်က ပြည်ပမှ သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ထုတ်ကုန်အမယ်သစ်များ ပေါ်ထွက်လာစေရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအကြောင်းကို ပြည်သူများသိရှိလာပြီး လုပ်ငန်းမှတ်ပုံတင်များ တိုးပွားလာစေရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ ပြန့်ပွားလာပြီး လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလို သင်တန်းများ ဖွင့်လှစ်သင်ကြားပေး ခြင်းဖြစ်ပါကြောင်း သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို အကျိုးရှိရှိ လက်တွေ့အသုံးချပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူးထောင်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူးများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ  အဝတ်လျှော်ဆပ်ပြာအဆီ၊ ရေချိုဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ တရော်ကင်းမွန်းခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခရမ်နှင့် Hand Gel စသည့်ဘာသာရပ်များကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)