မလှိုင် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေရယူ၍ (ဝါဂွမ်းကပ်)လုပ်ငန်းဆောင်ရွက်နေသည့် ဆပ်ခင်းကြီးကျေးရွာမှ ဝါဂွမ်းကပ်လုပ်ငန်းရှင် အစုအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က တွေ့ဆုံကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က မလှိုင်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်သည် ကော်မတီအဖွဲ့ဝင်များဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းယု၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်လင်းကို၊ ကျပ်ဆည်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဝါဂွမ်းကပ်လုပ်ငန်းရှင်(၁၀)ဦးတို့၏ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတင်ထွန်းမိုးက လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရယူပြီး နောက်ပိုင်း လုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်သည်ကို ကြားသိရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ချေးငွေရယူသူ ဝါဂွမ်းကပ်လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလတွင် ချေးငွေများကိုလည်း အပြေအကျေပြန်လည် ပေးဆပ်သွားရန်မှာကြားလိုကြောင်း၊ နိုင်ငံတော်မှလုပ်ငန်းရှင်များအား ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ချေးငွေအထောက်အပံ့များ ထုတ်ချေးပေးခဲ့သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း ပေးဆပ်ရမည့်ကာလတွင် တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပြီး ဝါဂွမ်းကပ်လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့သည်။
မလှိုင်မြို့နယ်၊ ကျပ်ဆည်ကျေးရွာအုပ်စု ဆပ်ခင်းကြီးကျေးရွာမှ ဝါဂွမ်းကပ်လုပ်ငန်းရှင် (၁၀)ဦးတို့အား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် ငွေကျပ်သိန်း (၁၀၀၀)တို့ကို လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရန် ထုတ်ချေးပေးထားကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)