ရပ်စောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံခြင်းဖွင့်ပွဲကျင်းပ

ရပ်စောက် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ က အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ် (၁၅)ဦးအား ပထမအကြိမ်အဖြစ် (HPV)ကာကွယ်ဆေး ထိုးနှံခြင်းဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်နှစ်ခြားထပ်မံ၍ ဒုတိယအကြိမ်ထိုးနှံကာ စုစုပေါင်း (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များနှင့် အုပ်ထိန်းသူတို့က တက်ရောက်ခဲ့ပြီး တစ်မြို့နယ်လုံးအနေဖြင့် (HPV) ကာကွယ်ဆေးထိုးနှံမည့် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်ဦးရေ (၁၆၀၀)ကျော်အား သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)