ရသေ့တောင် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့နံနက် ၁၀ နာရီက အရှေ့မြောက်ရပ်ကွက်ရှိ ရွှေပါရမီ (ယာယီနေရပ်စွန့်ခွာသူများစခန်း)သို့ သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်၊ မြို့နယ်ဘေး/စီမံဦးစီးမှူး ဦးကျော်လွင် ယာယီနေရပ်စွန့်ခွာသူများ စခန်းတာဝန်ခံတို့နှင့် ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် မီးသတတပ်ဖွဲ့ဝင်များက အရှေ့မြောက်ရပ်ကွက်ရှိ ရွှေပါရမီ (ယာယီနေရပ်စွန့်ခွာသူများစခန်း) အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဗူးစသော မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)