မိုင်းပန် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဟာတေဇာဓိပတိ စေတီတော်မြတ်ကြီး၌ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနား ကျင်းပရာ အခမ်းအနားသို့ မိုင်းပန်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၂)ပါးနှင့် မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ မိဘပြည်သူများက တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ချိုးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မိုင်းပန်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္ဒဩဝါဒထံမှ ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလ ခံယူတည်ကြသည်။ ထို့နောက် တာဝန်ရှိသူများနှင့် အလှူရှင်များက ပင့်သံဃာ ဆရာတော်ကြီးများထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်များမှ ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော် ခဲ့ကြသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စီရံတိထတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)