တောင်ကြီး အောက်တိုဘာ ၁၈
၂၀၂၃ ခုနှစ်၊ တောင်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပလျက်ရှိရာ ၁၇-၁၀-၂၃ ရက်နေ့ ပွဲစဉ်အဖြစ် အေးသာယာ(က)အသင်းနှင့် နန်းဟူးအသင်းတို့က ပြည်နယ်အားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထိုသို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် နန်းဟူးအသင်းက အေးသာယာ(က)အသင်းကို (၅)ဂိုး (၄)ဂိုးဖြင့် နန်းဟူးအသင်းက အနိုင်ရရှိခဲ့ပြီး ဆုရရှိသည့် ပြိုင်ပွဲအသင်းများကို ဆုများဆုချီးမြှင့်ရာတွင် နောက်တန်းအကောင်းဆုံးဆုရရှိသော နန်းဟူးအသင်းကျောနံပါတ်(၃) မောင်ဇော်ထွဋ်၊ အလယ်တန်း အကောင်းဆုံးဆုရရှိသော အေးသာယာအသင်း၊ ကျောနံပါတ်(၁၅) မောင်ယော၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသော ချမ်းမြသာစည်(ခ)အသင်း၊ ကျောနံပါတ်(၇) မောင်အာရွန်၊ အကောင်းဆုံးအားကစားသမားဆုရရှိသော နန်းဟူးအသင်း၊ ကျောနံပါတ်(၇) မောင်ကောင်းထက်အောင်တို့ကို တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ခဲ့ကြသည်။ အကောင်းဆုံးအားကစားသမားဆုကို ချမ်းမြသာစည်(ခ)အသင်း ကျောနံပါတ် (၂၂)ကျော်ဝင်းလှိုင်တို့ ရရှိခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူးရဲမှူး ရဲထွန်းသိန်းက တတိယဆုရရှိသော ချမ်းမြသာစည်(ခ)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်မျိုးသန့်က ဒုတိယဆုရရှိသော အေးသာယာ(က) အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်က ပထမရရှိသော နန်းဟူးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်ဆုကို အသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဆုပေးသို့ တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗိုလ်မှူးအောင်မျိုးသန့်၊ ဦးခွန်သူရအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးအောင်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်သန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းစိုး၊ ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီ ဦးခင်မောင်လွင်ကြီးနှင့်အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)