သီပေါမြို့နယ် ကျင်သီကျေးရွာ၌ တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

သီပေါ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်သီကျေးရွာ၌ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ဦးက တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ လယ်ယာမြေနှင့် မြေယာဆိုင်ရာဥပဒေများကို ဒေသခံတောင်သူများ သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းဦးက စိုက်ပျိုးရေလုပ်ငန်းဆောင်ရွက်ရာ၌ ပိုးသတ်ဆေးများသုံးပြုရာတွင် ထိရောက်စွာနှင့် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနည်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားခဲ့ကြကြောင်းနှင့် အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲသို့ ကျေးရွာနေပြည်သူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)