ရှမ်းပြည်ဒေသထွက် မက်ခေါက်သီးများ ဈေးကွက်အတွင်း ရောက်ရှိလာပြီး ရောင်းအားကောင်းလျက်ရှိ

လားရှိုး အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ဒေသထွက် မက်ခေါက်သီးများ စတင်ထွက်ရှိနေပြီဖြစ်ပြီး လားရှိုးမြို့တွင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

မိုးအကုန် ဆောင်းအကူး ကာလများတွင် စတင်ထွက်ပေါ်လေ့ရှိသည့်  မက်ခေါက်သီးများကို လားရှိုးမြို့မဈေးကြီးတွင် အများအပြား ရောင်းချလေ့ရှိကြပြီး အသီးတစ်ပိဿာလျှင် တစ်သောင်းကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“အရင်နှစ်တွေတုန်းကတော့ မက်ခေါက်သီး တစ်ပိဿာကို ခုနှစ်ထောင်ကျပ်လောက်ပဲ ဈေးရှိတာပေါ့။ ဒီတစ်နှစ်တော့ တစ်သောင်းကျပ် ဈေးရှိတယ်။ မက်ခေါက်သီးက ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင် ကွတ်ခိုင်မြို့မှာ ပိုထွက်တာပေါ့။ အဲဒီဒေသက အေးတော့ မက်ခေါက်သီး၊ ချဉ်စော်ခါးသီး၊ တယ်သီး၊ မက်မန်းသီးစသဖြင့် အသီးအနှံတွေ ပိုထွက်တာပေါ့။” ဟု ဈေသည်တစ်ဦးက ဆိုသည်။

မက်ခေါက်သီးသည် ဗီတာမင်စီပါဝင်မှု များပြားခြင်းကြောင့် ကိုယ်ခံအားကောင်းမွန်ခြင်း၊ အအေးမိဖျားနာခြင်းများကို ကာကွယ်ပေးနိုင်ခြင်း၊ သွေးတိုးရောဂါဖြစ်နိုင်ခြေ နည်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)