တံတားဦးမြို့နယ်တွင် မိုးဦးပင်ထောင်မြေပဲများ အထွက်နှုန်းကောင်းသဖြင့် တောင်သူများအဆင်ပြေ

တံတားဦး အောက်တိုဘာ ၁၈

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးဦးကာလတွင် စိုက်ပျိုးခဲ့သော ပင်ထောင်မြေပဲများ ယခုအခါ နှုတ်သိမ်းပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်သောကြောင်း တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုးဦးပင်ထောင်မြေပဲများကို ဇွန်လတွင် စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်နှုတ်သိမ်းပြီဖြစ်ရာ မိုးလွတ်အောင် ဆောင်ရွက်ရသဖြင့် ဈေးကောင်းရရှိပါကြောင်း၊ ဒါ့အပြင် တောင်သူများ ပင်ထောင်ပဲနှုတ်သိမ်းချိန်တွင် လုပ်အားခများ ဈေးကောင်းပေးခေါ်ရခြင်းရှိသလို လက်စားခလိုက်သူများလည်းရှိပါကြောင်း သိရသည်။

ပင်ထောင်မြေပဲကို စတင်စိုက်ပျိုးချိန်တွင် မျိုးစေ့တစ်တင်းလျှင် ငွေကျပ်(၁၅၀၀၀၀)ပေး၍ ဝယ်ယူ စိုက်ပျိုးပြီး အရွက်အားတိုးဆေး၊ အသီးအားတိုးဆေး၊ မြေဩဇာနနှင့် အခြားအားဆေးများလည်း ပက်ဖျန်းခြင်း၊ ပေါင်း၊ မြက်ရှင်းလင်းခြင်းစသည့် ကုန်ကျစရိတ်များသည်လည်း ဈေးကြီးများကြောင်းသိရသည်။ ယခုအခါ မြေပဲနှုတ်သိမ်းချိန်တွင် မြေပဲနှုတ်ခကို အဖွဲ့လိုက် အခင်းပြတ်နှုတ်သိမ်းသူများ၊ တစ်ဦးချင်းခေါ်ယူများလည်းရှိပါကြောင်း၊ နှုတ်သိမ်းပြီးမြေပဲကို  ခြွေဆွတ်ရန်အတွက် တစ်တင်းလျှင်ငွေကျပ် (၅၀၀၀)ပေးသူရှိသလို မြေပဲတောင့်အစို (၂)ပြည်ပေးသူများလည်း ရှိပါကြောင်း မြေပဲစိုက်တောင်သူ ရေကမိုးကျေးရွာ တောင်သူဦးမြင့်ကျော်ထံမှ သိရသည်။

ပေါ်ဦးပေါ်ဖျား ပင်ထောင်ပဲကို ရောင်းချသည့်အခါ မြေပဲဆန်တစ်ပြည်ကို ငွေကျပ်(၈၀၀၀)ဖြင့် ရောင်းချရပြီး တစ်တင်းလျှင် ငွေကျပ် (၁၂၈၀၀၀) ကျပ်ရရှိပါကြောင်း ယခုနှစ်တွင်  မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲတစ်ဧကလျှင် ပျမ်းမျှတင်း(၄၅)တင်းကျော်မှ တင်း(၅၀)ထွက်ရှိသည့်အတွက်  ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်းလည်း အဆိုပါတောင်သူထံသိရသည်။

ဦးရဲတင့်(ပြန်/ဆက်)