သီပေါ အောက်တိုဘာ ၁၈
မြေပဲသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များရရှိစေရန်၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်း စားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ ဆောင်းမြေပဲ မျိုးစေ့ထုတ်စိုက်ခင်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်စောက်မိန်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာပိုင် သီပေါဥယျာဉ်ခြံ၌ ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ခင်းများကို ယမန်နေ့နံနက် ၉ နာရီက စတင်စိုက်ပျိုး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ဆောင်းမြေပဲ မကွေးမျိုး(၁၀)ကို စံပြကွက် (၁)ဧက ကို ယခုနှစ်အတွက် စတင်စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ တောင်သူများအားစိုက်နည်းစနစ် မှန်ကန်စေရေး၊ အထွက်ကောင်းမျိုးများသုံးစွဲရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)