ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်တွေ     အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့တော်သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် စစ်တွေမြို့၊ မြို့လယ်ချောင်းတံတားအနီးသန့်ရှင်းသာရေး၊ မိဇံကမ်းနားလမ်းနှင့် မိဇံပန်းခြံသန့်ရှင်း သာယာရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိဇံကမ်းနားလမ်းတွင် ဈေးရောင်းချနေကြသည့် ဈေးသူ၊ ဈေးသားများအားတွေ့ဆုံပြီး စစ်တွေမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ် ကြရန်ဆွေးနွေးမှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံအနီး အခွန်လွတ်ဈေးဖွင့်လှစ် ရောင်းချနိုင်ရေးလျာထားမြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အနီးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်သွားကြရန်မှာကြားခဲ့ သည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရခိုင် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းမှာရှိသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ရခိုင်ပြည်နယ်မှာ One Region One Product ထုတ်ကုန်အဖြစ် ဆန်စပါးလုပ်ငန်းအဆင့်မြှင့်တင်ရေး၊ ရေထွက်ကုန်လုပ်ငန်းတိုးမြှင့်ရေးနှင့် ရိုးရာရက်ကန်းလုပ်ငန်းများ အဆင့်မြှင့်တင်ရေးတို့ကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာ ကြားထားပါကြောင်း၊ မိမိတို့ဒေသသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံဆောင်ရွက်ရမည့် ဒေသဖြစ်ကြောင်း၊ ထို့အတူ ရိုးရာရက်ကန်း လုပ်ငန်းများသည် မိမိတို့၏ဘိုးစဉ်ဘောင်ဆက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် ယခုလုပ်ငန်းများကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆန်စပါးလုပ်ငန်းများတွင်လည်း မျိုးကောင်းမျိုးသန့်များရရှိရန်အတွက် ဒေသတောင်သူများနှင့်ပူးပေါင်းပြီး မျိုးစေ့ထုတ်ဧက ၂၀၀၀ ကျော်ကို စိုက်ပျိုး ထုတ်လုပ် ရန်ရည်မှန်းထားပြီးဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များအပြင် စိုက်ပျိုးနည်းစနစ်များ မှန်ကန်နိုင်ရန်အတွက် လိုအပ်သည့်သွင်းအားစုများကိုလည်း ထိထိရောက်ရောက် အကျိုးရှိစွာအသုံးပြုနိုင်ရန် အရေးကြီးကြောင်း၊ သို့မှသာ ပန်းတိုင်အထွက်နှုန်းကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တောင်သူအသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ ရေထွက်ကုန်ပစ္စည်းများတွင်လည်း ရေချိုရေငန် ငါးများ မျိုးဆက်မပြတ်စေရန် ငါးမျိုးစိုက်ထည့်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ဒေသတွင်း ရေချိုရေငန်ငါးများကို စနစ်တကျမွေးထုတ်လုပ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူ ရိုးရာရက်ကန်းလုပ်ငန်းများအတွက် သဘာဝဆိုးဆေးနည်းပညာ သင်တန်းများ၊ အထည်ဒီဇိုင်းရေးဆွဲခြင်း သင်တန်းများနှင့် လက်ရက်ကန်းသင်တန်းများ၊ စက်ရက်ကန်း သင်တန်းများကို အားပေးမြှင့်တင်ပြီး သင်တန်းများတိုးမြှင့်ဖွင့်လှစ်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ရင်းနှီးမတည်ငွေရရှိရေးအတွက် စည်ကမ်းချက်နှင့်ကိုက်ညီသော လုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးနိုင်ရန်အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ ရခိုင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာရန်အတွက် မိမိတို့အဖွဲ့များတွင် တာဝန်ရှိကြောင်း၊ နယ်မြေအသီးသီးသို့ ကွင်းဆင်းကာ ရက်ကန်းလုပ်ငန်းရှင်များ၊ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များကိုသိရှိပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဒေသတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် တခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်လေ့လာကာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သို့မှသာ ဒေသတွင်းထုတ်ကုန်များ အဆင့်မြှင့် တင်ထုတ်လုပ်လာကာ ဒေသစီးပွားရေး တိုးတက်လာပြီး ဒေသခံများ၏လူနေမှုဘဝမြင့်မားလာမည် ဖြစ်သည့် အတွက် ရခိုင်ပြည်နယ် MSME အေဂျင်စီတွင် ပါဝင်သောဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ညွှန့်က ရခိုင်ပြည်နယ်အတွင်း MSME လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)