မြစ်ကြီးနား အောက်တိုဘာ ၁၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံး၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်/ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအတွက် စစ်တမ်းမေးခွန်း ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အဆိုပါ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယနေ့ အခမ်းအနားသည် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ သိသင့်သိထိုက်သော အခွင့်အရေးများ၊ ရပိုင်ခွင့်များကို ပိုမိုသိရှိနားလည်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်း များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ အခမဲ့တက်ရောက်နိုင်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်လာနိုင်ရေး၊ တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာ၊ စည်းလုံးညီညွတ်စွာ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ အထူးသဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ အခွင့်အရေးများကို ပိုမိုသိရှိနားလည်မည်ဖြစ်ပြီး ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲပြီး တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရန်နိုင်လွင်က ဝန်ကြီးဌာနမှ တိုင်းရင်းသား လူမျိုးများအတွက် ကချင်ပြည်နယ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားမျိုးနွယ်စု (၆)မျိုး၊ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားမျိုးနွယ်စုတို့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့အတွက် Sky Net (DTH) စလောင်းနှင့် အောက်စက်တစ်စုံစီနှင့် ဂျိမ်းဖောနှင့် ရဝမ်တိုင်းရင်းသားမျိုးနွယ်စုများအတွက် ဂျိန်းဖော နှင့် ရဝမ်တိုင်းရင်းသား ဘာသာပြန်ဆိုထားသည့် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေစာအုပ်များကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က အမျိုးသမီးအခွင့် အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူမှုရေးပင်စင်တို့အကြောင်းကို လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ကျန်းမာ ရေးစောင့်ရှောက်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိအိအေးက တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများ ခန့်ထားရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော်က တိုင်းရင်းသားလူမျိုးများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောပေးခဲ့ ကြသည်။
ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွယ်ဆိုင်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံသားအခွင့်အရေးများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံဆော်မှုကို တားဆီးရေး ဆိုင်ရာ ကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ် ပါလိုက်ရန်အချက်များကို ရှင်းလင်းဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားဒေသများ၏ ရပ်/ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာပါ ဖြည့်စွက်ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဆန်းစစ်ချက် မေးခွန်းလွှာကို ဖြန့်ဝေ ကာ လိုအပ်ချက်များကို ဖြည့်စွက်ကောက်ယူခဲ့ကြသည်။
အဆိုပါ ဆန်းစစ်ချက် မေးခွန်းလွှာတွင် တိုင်းရင်းသားဒေသများရှိ ပညာသင်ကြားနိုင်မှု၊ သောက်သုံးရေ/ စိုက်ပျိုးရရှိမှု၊ လျှပ်စစ်မီးရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသတွင်း သက်မွေးဝမ်း ကျောင်းပညာသင်တန်းများ တက်ရောက်နိုင်မှု/ သင်ကြားခွင့်ရရှိမှု/ ပြန်လည်အသုံးချနိုင်မှု/ ဒေသနှင့် ကိုက်ညီသည့် သင်တန်းများ ရွေးချယ်ခြင်းနှင့် အရင်းအနှီးချေးငွေရယူ၍ လုပ်ငန်းလုပ်ကိုင်ဆောင် ရွက်နိုင်မှု အခြေအနေများ ပါဝင်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်