ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၁၆ ရက်   ညနေပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃)ဒေါ်မိုးမိုးဦးက စာရေးဆရာမိုးပျော်ငှက်၏ “မိုးပေါ်မှာပဲပျော်သတဲ့လား” ကောင်းကင်ရသစာစုများစာအုပ်ထဲမှ “စွမ်းရည်ပြယုဂ်” ခေါင်းစဉ်ပါစာအကြောင်းအရာဖြင့် ဦးဆောင်ဆွေးနွေးပြီး အဆိုပါစာအုပ်ထဲမှ “မိုးပေါ်မှာပဲပျော်သတဲ့လား” ခေါင်းစဉ်ပါစာအကြောင်းအရာကို Book Club အဖွဲ့ဝင်ဒေါ်စန္ဒာကလည်းကောင်း၊ “ကောင်းကင်လက်ဆောင်” ခေါင်းစဉ်ပါအကြောင်းအရာကို မမေသင်္ကြန်ကလည်းကောင်း မိမိတို့ရွေးချယ်ထားသည့်‌ ခေါင်းစဉ်အလိုက်အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 အဆိုပါ စာရေးဆရာမိုးပျော်ငှက်၏ “မိုးပျော်မှာပဲပျော်သတဲ့လား”စာအုပ်ထဲမှဖော်ပြပါ ခေါင်းစဉ်သုံးခုဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် လေယာဉ်မောင်းနှင်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများ၊ လေယာဉ်ပျံစီးရသည့် အတွေ့အကြုံနှင့် ပျော်ရွှင်မှုများ၊ လူငယ်များအတွက် လေကြောင်းပညာဗဟုသုတများကိုရရှိကြောင်း သုံးသပ်သိရှိရပါကြောင်း သိရသည်။

ဝေယံ(IPRD)