တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းစည်းဝေးပွဲပြုလုပ်

တွံတေး အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၅-ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်နေ့ ညနေ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးဦးက ပွဲတော်လုံခြုံရေးကိစ္စရပ်များ ဆေးနွေးကာ ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးအေးက်ိုက နေ့ထူးနေ့မြတ်အခါသမယ နှစ်စဥ်ကျင်းပမြဲသီတင်းကျွတ်လ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဓမ္မာပူဇာအဖြစ်အဘိဓမ္မာ (၇)ကျမ်းရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓပူဇာအဖြစ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ လုပ်သားပြည်သူများမှ စေတီတော်၏ အာရုံခံတန်ဆောင်းများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား သတ်မှတ်နေရာအလိုက် ဆွမ်းတော်ကြီးများ ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်သံဃာနာယကအဖွဲ့ (သုဓမ္မာ/ ရွှေကျင်)မှ ဆရာတော်ကြီးများ ကြီးမှူး၍ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကျောင်း

(၇၅)ကျောင်းမှ သံဃာတော်အရှင်သူမြတ်(၈၆၅)ပါးအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့သူ၊ မြို့သားများ၊ အလှူရှင်များက စေတီတော်အောက်ခြေ ခြေတော်ရင်းပါတ်လမ်းတစ်လျှောက် ဆွမ်းဆန်တော်လောင်းလှူခြင်းတို့ဖြင့် လောကီလောကုတ္တရာ နှစ်ဖြာသော ကုသိုလ်များရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သီတင်းကျွတ်လဆန်း (၁၄)ရက် အဖိတ်နေ့ အောက်တိုဘာ(၂၈)ရက်နေ့ ည(၇)နာရီအချိန်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းများက   စုပေါင်းဆီမီး/ပန်း၊​ ရေချမ်းများပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

အဘိဓမ္မာအခါတော်နေ့နံနက် ၉ နာရီ အချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးထံမှ သီလခံယူပွဲနှင့် ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟုဆိုအပ်သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချမည်ဖြစ်ကြောင်း သိရသည်။

တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီသီတင်းကျွတ်လ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့ (အောက်တိုဘာ၂၈ရက်)မှ သီတင်းကျွတ်လပြည့်ကျော် (၁)ရက် (အောက်တိုဘာ၃၀)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမျှော်နိုင်ကြောင်း ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌထံမှ သိရှိရသည်။

တွံတေးသား