မိုင်းဆတ်မြို့နယ်၊ အမှတ်(၅၅၃)ခြေမြန်တပ်ရင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မိုင်းဆတ် အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၅၅၃)ခြေမြန်တပ်ရင်းရှိ ခန်းမဆောင်တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်မှူးဇွဲဝေယံက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Grade-8 ကျောင်းသူ မအေးမြတ်သူက “လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မနန်းထက်ထက်ဝင်းက “လူငယ်နှင့်ငယ်ရွယ်မှုတန်ဖိုး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မယွန်းမီမီလင်းက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်မြတ်နိုးဦးက “လူငယ်နှင့်စိတ်ရေးရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်မှူးဇွဲဝေယံ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)