တောင်ကြီး အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပ ရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိ လူငယ်မောင်မယ်များအား မိသားစုအတွက် သင့်တော်ကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် Hotel-Training (Housekeeping)နှင့် Hotel-Training (Waiter & Waitress)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့နယ်၊ ပန်သခွါးကျေးရွာရှိ ပါရမီဖွံ့ဖြိုးရေး ကွန်ယက်၊ စွန်းတီထင် ဘက်စုံဖွံ့ဖြိုးရေးရိပ်သာတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ကလေးသူငယ်များသည် နိုင်ငံတော်အတွက် ကောင်းမွန်သည့် လူသားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသည့် ကလေးများကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေ တိုးတက်စေရန် အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးပြီး ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်၍ သင်တန်းသား/သူများအားလုံး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိပြီး မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်သည့်သူများ ဖြစ်ကြပါစေလို ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ကိုယ်စား ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လောဝ်က သက်မွေးသင်တန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သူများနှင့် သင်တန်းသား/သူများအား ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူ များ၏ လက်တွေ့သရုပ်ပြသမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ သင်တန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေဖြင့် ၁၈-၉-၂၀၂၃ ရက်နေ့မှ ၁၇-၁၀-၂၀၂၃ ရက်နေ့ထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသည့် အသက် ၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိ လူငယ်မောင်မယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အကျိုးပြုသည့် သင်တန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)