မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်

မာန်အောင် အောက်တိုဘာ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးကိုစနစ်တကျ သုံးစွဲရန် မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများသည် ယနေ့ညနေ ၅ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဒုတိယ မီးသတ်ဦးစီးမှူး ဦးကျော်ဖြိုးနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များရှိ  ပြည်သူများအနေဖြင့် ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် မကျရောက်စေရန် လျှပ်စစ်မီး၊  လျှပ်စစ်မီးဖို၊ ထင်းမီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျ ငြှိမ်းသတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသောလျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊ နေအိမ်များ၊ ရုံးအဆောက်အဦများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား ဆောင်ရွက်ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားရန်တို့ကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)