ပျော်ဘွယ်မြို့နယ်တွင် (၁၁၂) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၁၇

ပျော်ဘွယ်မြို့နယ် မဟာဘုံကထိန်ပွဲတော်ကျင်းပရေးကော်မတီမှဦးဆောင်၍ (၁၁၂)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီက ရှမ်းပွဲရပ်ကွက်ရှိ ရာပြည့်သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်ညွန့်က ဘုံကထိန်ပွဲတော်ကို ယခင်နှစ်များကဲ့သို့ပင် စည်ကားစွာကျင်းပနိုင်ရေး၊ ပွဲတော်ကာလအတွင်း ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာများကို အထူးဂရုပြုရေးတို့ကိုရှင်းလင်းဆွေးနွေးပြီး အလုပ်အမှုဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထွန်းညွန့်က စီမံချက်ရေးဆွဲထားမှုအခြေအနေများ၊ လုပ်ငန်းကော်မတီ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။

(၁၁၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကို တန်ဆောင်မုန်းလဆန်း(၈)ရက်မှ လပြည့်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘုရား(၁)ဆူ၊ ဥတ်မကြီးကျောင်း(၆)ပါး၊ အရံပင့်သံဃာ(၆၉)ပါး ဝါဆိုရဟန်း(၃၇၅)ပါး၊ ရှင်သာမဏေ(၃၆၀)ပါး တို့ကိုကပ်လှူပူဇော်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်ထားကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)