ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသို့ ယူးရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

ပေါက်တော    အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း တိုးတက်စေရန် ပြည်တွင်းမှထုတ်လုပ်သော ယူးရီးယားဓာတ်မြေဩဇာ (MPE)များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံတောင်သူများသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက  ယခုရရှိသော ယူးရီးယားမြေဩဇာများကို စနစ်တကျရောစပ်သုံးစွဲရန်၊ ယူးရီးယားမြေဩဇာများကို အချိန်ကိုက်အချိုးကျ သုံးစွဲနိုင်ရန်မှာကြားပြီး  သဘာဝမြေဩပြုလုပ်သုံးစွဲနည်းများကိုလည်း လက်တွေ့ပြသသည်။ ထို့ပြင် သက်ဆိုင်ရာ ဌာနများက မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။ ဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး၊ ဓာတ်မြေဩဇာသယ်ယူသို့လှောင်ဖြန့်ဖြူးရေးကော်မတီ အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ ယူးရီးယားဓာတ်မြေဩဇာ (MPE) ၆၉၃ အိတ်ကို ကျေးရွာအုပ်စု ၂၆ အုပ်စုသို့ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး ထံမှသိရှိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)