ကျောက်တော်ကြီးဘုရားပွဲတော်ရက် မတိုင်မီကပင် စည်ကားလျက်ရှိ

မန္တလေး အောက်တိုဘာ ၁၇

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရင်း၊ သုဓမ္မာဇရပ်အနီးတွင် တည်ထားကိုးကွယ်တော်မူသော ကျောက်တော်ကြီးဘုရားပွဲသည် ပွဲရက်မတိုင်မီ ဘုရားဖူးသူများ၊ ဈေးဝယ်၊ ဈေးသည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပွဲဈေးတန်းတွင် ကရေကရာ၊ ခဲတံချောင်း၊ မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ဆိတ်ဝမ်းတွင်းသားချက်၊ ပင်လယ်စာများ၊ အကြော်စုံ၊ မုန့်ပျားသလက်၊ အချဉ်ပေါင်းသည်များအစရှိသည့် စားသောက်စရာရောင်းချသည့် ဈေးသည်များအပြင် အိမ်ရှင်မများအတွက် အိမ်အသုံးအဆောင်ဖြစ်သည့် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ သင်ဖြူး၊ ဖျာ၊ နှီးတောင်းများမှအစ ဓား၊ ကျောက်ပြင်၊ ငရုတ်ဆုံ၊ အဝတ်အထည် အစရှိသည့် ဈေးသည်များက ပွဲတော်မကျင်းပမီ လာရောက်ရောင်းချလျက်ရှိသည်။

ကျောက်တော်ကြီးဘုရားပွဲတော်ရက်သည် သီတင်းကျွတ်လဆန်း(၁၃)ရက်မှ လပြည့်ကျော်(၇)ရက်အထိဖြစ်ပြီး ယခုအခါပွဲတော်ရက်ရောက်မီကပင် ဘုရားဖူးသူ၊ ဈေးဝယ်သူ၊ ရောင်းချသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်