ဝမ်းတွင်း အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme) များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.မ.က(ခံတော)ကျောင်းနှင့် မူလွန်(ဆူးဖြူကန်)ကျောင်းတို့ တွင် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာမေဖြိုးချစ်က ကျောင်းသား ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဉ် (School Milk Programme) များပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ကျောင်းနေအရွယ် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာမူလတန်းကျောင်း(ခံတော)မှ ကျောင်းသားကျောင်းသူ(၁၄၈)ဦး၊ မူလတန်းလွန်ကျောင်း(ဆူးဖြူကန်)မှ ကျောင်းသားကျောင်းသူ(၁၀၀)ဦး၊ စုစုပေါင်း(၂၄၈)ဦးအား နွားနို့များတိုက်ကျွေးခြင်းကို ဒေါက်တာမေဖြိုးချစ်နှင့် ဝန်ထမ်းများက နွေးထွေးစွာ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နွားနို့တိုက်ကျွေးရေးအစီအစဉ် (School Milk Programme)ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် နို့စားနွားမွေးမြူသူများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်