မြစ်သား အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုး ကြက်သွန်နီများကို စက်တင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိပြီး ရွာသစ်အုပ်စု ကွင်းအမှတ်( ၄၄၂) မြစ်ဆုံလေးကွင်း၌ စိုက်ပျိုးထားသည့် ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ရွှေဖလားမျိုး ကြက်သွန်နီ တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည်အသုံးပြုရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ရွှေဖလားမျိုးဖိုး(၄)သိန်းကျပ်၊ မြေပြင်ခအဖြစ်ထွန်းထယ်စရိတ်(၂)သိန်းငါးသောင်းကျပ်၊ စိုက်ပျိုးစရိတ်(၂)သိန်းတစ်သောင်းကျပ်၊ မြေဆီမြေသြဇာ(၂)သိန်းကျပ်၊ ဖျန်းဆေး(၁)သိန်းရှစ်သောင်းကျပ်၊ ကြက်သွန်တူးဖော်ခ(၁)သိန်းငါးသောင်းကျပ် ခန့်မှန်းကုန်ကျကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိ၍ မြေအငှားဖြင့် စိုက်ပျိုးပါက ငွေကျပ်(၁)သိန်းငါးသောင်းကျပ်မှ (၂)သိန်းကျပ်ခန့်ကုန်ကျကြောင်း ကြက်သွန်စိုက်ပျိုးသူ ဦးဇော်နိုင် ပြောကြားချက်အရသိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ တိုက်နယ်(၉)ခု၌ မိုးကြက်သွန် (၁၇၇၄) ဧကစိုက်ပျိုးပြီးဖြစ်ရာ ဆောင်းကြက်သွန် ဧက(၁၅၀၀၀)ဧက စိုက်ပျိုးနိုင်ရေးအတွက်လည်း မြေယာပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)