တွေ့ဆုံမေးမြန်းသူ - မျိုးမင်း (သာစည်)
ဓာတ်ပုံ - သိန်းမြင့်ကျော် (မိတ္ထီလာ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးကာ ပို့ကုန်ကဏ္ဍကိုမြှင့်တင်နိုင်ရေးကြိုးစား ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူမှုစီးပွားဘဝမြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အသက်မွေးပညာဘာသာရပ်များ သင်ကြားပေးနေမှုနှင့် ပတ်သက်၍ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာမြို့)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်နှင့် တွေ့ဆုံမေးမြန်းထားမှုကိုတင်ပြလိုက်ပါသည်။
မေး။ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဘယ်လိုသင်တန်းတွေကို အဓိကသင်ကြားပေးပါသလဲ ခင်ဗျ။
ဖြေ။ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှာ အဓိကသင်ကြားပေးလျက်ရှိတဲ့ သင်တန်းတွေကတော့ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်းနဲ့ လက်ရက်ကန်းသင်တန်း တို့ပဲဖြစ်ပါတယ်။
မေး။ ရက်ကန်းသင်တန်းမှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေကိုလည်း သိပါရစေခင်ဗျ။
ဖြေ။ ရက်ကန်းသင်တန်းမှာတော့ ဝါကနေအထည်ဖြစ်တဲ့အထိ လုပ်ဆောင်မှုအဆင့်ဆင့်ကို သင်ပေးပါတယ်။ လက်ချည်မျှင်ဆွဲနဲ့ စက်ချည်မျှင်ဆွဲ နှစ်မျိုးလုံးပါတယ်။ ပြီးတော့ အမျှင်အမျိုးမျိုးအကြောင်း၊ သဘာဝဆိုးဆေး၊ ဓာတုဆိုးဆေးများ၊ ဒီဇိုင်း၊ စက်ရက်ကန်း၊ လက်ရက်ကန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ် စတဲ့ဘာသာရပ်တွေကို စာတွေ့က ၃၀ ရာခိုင်နှုန်း၊ လက်တွေ့က ၇၀ ရာခိုင်နှုန်း သင်ကြားပို့ချနေပါတယ်။
မေး။ ရက်ကန်းနဲ့အသက်မွေးပညာ သင်တန်းကျောင်းရဲ့ သင်ကြားမှုတွေကို ဘယ်လို အထောက်အကူပစ္စည်းတွေနဲ့ သင်ကြားပေးနေပါသလဲ ခင်ဗျ။
ဖြေ။ စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်တွေကို အဓိကအသုံးပြုပြီး အခြားလိုအပ်တဲ့ ချည်၊ ဆိုးဆေး၊ လွန်း၊ ရက်ကန်းနဲ့ဆိုင်တဲ့လက်သုံးကိရိယာအမျိုးမျိုးကို အသုံးပြုပြီး သင်ကြားပို့ချပေးနေပါတယ်။
မေး။ သင်တန်းသားအရည်အချင်း သတ်မှတ်ချက်နဲ့ ဘယ်ဒေသတွေကနေ သင်တန်းလာတက်ကြပါသလဲ ခင်ဗျ။
ဖြေ။ ချည်မျှင်နဲ့အထည်အလိပ်ကျွမ်းကျင်သူသင်တန်းအတွက် အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူများ ဖြစ်ရပါမယ်။ လက်ရက်ကန်းသင်တန်းအတွက်ကတော့ အခြေခံပညာမူလတန်းအဆင့် အောင်မြင်ပြီးသူတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်းရှိသူတွေကို လက်ခံသင်ကြားပေးတာဖြစ်ပါတယ်။ မိတ္ထီလာမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေ၊ မိတ္ထီလာမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေနဲ့ မိတ္ထီလာမြို့နဲ့အနီးတဝိုက်မှာရှိတဲ့ မြို့နယ်တွေကနေ လာသင်ကြပါတယ်။
မေး။ ရက်ကန်းပညာရပ်ဆိုင်ရာသင်တန်းတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ဖွင့်လှစ်ပေးတာပါလဲခင်ဗျ။
ဖြေ။ ရည်ရွယ်ချက်တွေကတော့ မြန်မာ့ရိုးရာရက်ကန်းပညာရပ်တွေ မတိမ်ကော၊ မပပျောက်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းဆိုင်ရာပညာရပ်များ စနစ်တကျ ပြန့်ပွားစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ၊ မိသားစုဝင်ငွေ ရရှိစေရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာစေရန်နဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
မေး။ ရက်ကန်းပညာရပ်ဆိုင်ရာသင်တန်းရဲ့ သင်တန်းကာလနဲ့ ခွင့်ပြုသင်တန်းသားဦးရေကိုလည်း သိပါရစေချင်ဗျ။
ဖြေ။ ချည်မျှင်နဲ့အထည်အလိပ် ကျွမ်းကျင်သူသင်တန်းကတော့ သင်တန်းကာလ (၁)နှစ်ဖြစ်ပြီး ခွင့်ပြုသင်တန်းသားဦးရေကတော့ (၂၀) ဦးဖြစ်ပါတယ်။ လက်ရက်ကန်းသင်တန်းကတော့ သင်တန်းကာလ (၆)လဖြစ်ပြီး ခွင့်ပြုသင်တန်းသားဦးရေကတော့ (၁၀)ဦးဖြစ်ပါတယ်။
မေး။ သင်တန်းတက်ရောက်ပြီးတဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် ဘယ်လိုကူညီဆောင်ရွက်ပေးနေပါသလဲ ခင်ဗျ။
ဖြေ။ အလုပ်အကိုင်အခွင့်အလမ်းကတော့ ရက်ကန်းနဲ့ဆပ်စပ်တဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်ရရှိစေဖို့ အပ်နှံပေးပါတယ်။ နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်သလို ဝန်ကြီးဌာနမှာလည်း ရာထူးနေရာလစ်လပ်သွားတဲ့အခါ ဝင်ရောက်လုပ်ကိုင်နိုင်အောင် ကူညီပေးပါတယ်။
မေး။ သင်တန်းကြေးနဲ့ သင်တန်းအတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို ဘယ်လို ဆောင်ရွက်ပေးပါသလဲ ခင်ဗျ။
ဖြေ။ ရက်ကန်းနဲ့အသက်မွေးပညာသင်တန်းကျောင်းက ဖွင့်လှစ်တဲ့ သင်တန်းအားလုံးက သင်တန်းကြေးအခမဲ့ဖြစ်ပြီး လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကိုလည်း နိုင်ငံတော်ကပဲ ကျခံသုံးစွဲတာဖြစ်ပါတယ်။
မေး။ သင်တန်းတက်ရောက်သူတွေအတွက် နေထိုင်စားသောက်မှုကို ဘယ်လိုစီစဉ်ပေးပါသလဲ ခင်ဗျ။
ဖြေ။ သင်တန်းသူသင်တန်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ဖို့ စားရိပ်သာမှာ ထမင်းချက် ဝန်ထမ်းတစ်ဦး၊ တာဝန်ကျဆရာ/ဆရာမတစ်ဦးနဲ့ သင်တန်းသား/သင်တန်းသူ(၄)ဦးစီပါဝင်တဲ့ အဖွဲ့ဖွဲ့ထားပြီး စားသောက်ရေး အဆင်ပြေစေဖို့ အခမဲ့စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ နေထိုင်ဖို့ အတွက်တော့ ရေ၊ မီး၊ ကုတင်၊ မွေ့ယာ၊ အိပ်ယာ၊ စာကြည့်စားပွဲ၊ သေတ္တာ၊ WiFi အပြည့်အစုံနဲ့ အဆောင်မှာ အခမဲ့နေထိုင်ခွင့်ပြုထားပါတယ်။
မေး။ ရက်ကန်းနဲ့အသက်မွေးပညာ သင်တန်းကျောင်းအနေနဲ့ တစ်ခြားဘယ်လိုသင်တန်းမျိုးတွေ ဖွင့်လှစ်ပေးပါသလဲခင်ဗျ။
ဖြေ။ ရက်ကန်းဆိုင်ရာ သင်တန်းတွေအပြင် အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းတွေအနေနဲ့ အခြေခံစက်ချုပ်သင်တန်း၊ မော်တာစက်ချုပ်သင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ Bakery & Snack သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ လျှပ်စစ်သံဂဟေဆက် သင်တန်းတွေလည်း ဖွင့်လှစ်ပေးပါတယ်။ သင်တန်းကာလကတော့ သင်တန်းအမျိုးအစားပေါ်မူတည်ပြီး အများဆုံး (၁)လမှ အနည်းဆုံး(၅)ရက်ဖြစ်ပါတယ်။
မေး။ ဒီလိုသင်တန်းတက်ရောက်ပြီးတဲ့အခါ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လိုတဲ့အခါ ဘယ်လိုတွေကူညီပေးပါသလဲ ခင်ဗျ။
ဖြေ။ တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်နိုင်ဖို့အတွက် လုပ်ငန်းသုံးပစ္စည်းတွေ၊ လက်သုံးကိရိယာတွေကို အခါအားလျော်စွာ ထောက်ပံ့ပေးပါတယ်။ လိုအပ်တဲ့အရင်းအနှီး၊ ပစ္စည်းကိရိယာတွေရရှိအောင်လည်း ဌာန၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ လုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ကိုင်နိုင်ဖို့အတွက် စျေးကွက်ချိတ်ဆက်ပေးပါတယ်။ စျေးကွက်ချိတ်ဆက်ပေးတယ်ဆိုတဲ့နေရာမှာ ဌာနက ကျင်းပပြုလုပ်တဲ့ အသေးစားထုတ်ကုန်ပစ္စည်း ပြပွဲပြိုင်ပွဲတွေမှာ ပါဝင်ပြသရောင်းချခွင့်ပြုပါတယ်။ ဆက်စပ်ဌာနအဖွဲ့အစည်းတွေရဲ့ ပြပွဲပြိုင်ပွဲများ ကျင်းပရာမှာလည်း ပါဝင်ပြသရောင်းချနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ Super Market/Sale Center များမှာ ရောင်းချနိုင်ဖို့ တာဝန်ခံများနဲ့ အစည်းအဝေးများ၊ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပေးပါတယ်။ ထုတ်ကုန်ပစ္စည်းများအား တရားဝင်ရောင်းချနိုင်ဖို့ ဌာနအနေနဲ့ အရည်အသွေးစစ်ဆေးပြီးတော့ မှတ်ပုံတင်တွေပြုလုပ်ပေးပါတယ်။
မေး။ ရက်ကန်းပညာအပြင် အခြေခံစက်ချုပ်သင်တန်းမှာ ဘယ်လိုဘာသာရပ်တွေ သင်ကြားပေးပါသလဲ ခင်ဗျ။
ဖြေ။ အပ်ချုပ်စက်မှာရှိတဲ့ ပစ္စည်းကိရိယာအခေါ်အဝေါ်များ၊ အပ်ချုပ်စက်ကိုင်တွယ် အသုံးပြုပုံ၊ အပ်နှင့် အပ်ချည်ရွေးချယ်အသုံးပြုပုံများနဲ့ အမျိုးသမီးဝတ် ချိတ်လုံချည်၊ လေးလွှာစကတ်၊ သုံးလွှာစကတ်၊ ရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ ရင်ဖြတ်ဆက်အင်္ကျီ၊ အမျိုးသားဝတ် ရှက်အင်္ကျီ၊ သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီ၊ ကလေးဝတ်ဂါဝန်တွေကို Pattern ပိုင်းရော ချုပ်နည်းအဆင့်ဆင့်ပါ သင်ကြားပေးတာ ဖြစ်ပါတယ်။
မေး။ ဒီနှစ်အတွင်း သင်တန်းအမျိုးအစား ဘယ်နှစ်ခုလောက် ဖွင့်လှစ်ဖို့ရှိပါသလဲ ခင်ဗျ။
ဖြေ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာတော့ ရက်ကန်းသင်တန်းတွေအနေနဲ့ (၃)ကြိမ်ဖွင့်ရန်လျာထားပြီး (၁)ကြိမ်တော့ဖွင့်ပြီးပြီ။ (၂)ကြိမ်ကတော့ ဖွင့်လှစ်ဆဲ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းသင်တန်းတွေအနေနဲ့ အခြေခံစက်ချုပ်သင်တန်း၊ မော်တာစက်ချုပ်သင်တန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စက်ရက်ကန်းစက်မောင်းစက်ပြင်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းဆိုပြီး သင်တန်း(၅)ကြိမ် ဖွင့်လှစ်ဖို့ လျာထားပါတယ်။ ကျန်တဲ့သင်တန်းတွ ဖွင့်ပြီးပြီ။ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း (၁)ကြိမ်သာ ဖွင့်လှစ်ဖို့ ကျန်ပါတော့တယ်။
မေး။ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းအနေနဲ့ အသေးစားထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနဲ့ ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး ဆောင်ရွက်ချက်များရှိရင် ပြောပြပေးစေလိုပါတယ် ခင်ဗျ။
ဖြေ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကစပြီးတော့ ဌာနအနေနဲ့ အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနဲ့ ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းကို နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ကျေးရွာပေါင်း (၁၅၅)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းအမျိုးအစားအနေနဲ့ (၇)မျိုးရှိပါတယ်။ အဲ့တွေကတော့ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်းနဲ့ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်းတို့ဖြစ်ပါတယ်။ စီမံကိန်းဆောင်ရွက်ဖို့ ကျေးရွာတွေကို ကွင်းဆင်းပြီး လိုအပ်တဲ့နည်းပညာအကူအညီတွေပေးပါတယ်။ စီမံကိန်းတစ်ခုအတွက် လုပ်ငန်းထူထောင်မယ့်သူ (၅)ဦးကို ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းတွေ ပေးအပ်ပြီးလုပ်ငန်းထူထောင်လုပ်ကိုင်စေမှာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဖြင့် ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသည် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ မြင့်မာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တင်ဆက်လိုက်ရပါသည်။