မော်လမြိုင် အောက်တိုဘာ ၁၇
မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မော်လမြိုင်ကုန်စည်ဒိုင်တို့ ကျင်းပပြုလုပ်သည့် ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲနှင့် မွန်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ကုန်စည်ဒိုင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ဝင်ငွေရှာဖွေပေးနိုင်တဲ့ ပြည်ပဈေးကွက် အလားအလာရှိပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူများအတွက်လည်း အကျိုးအမြတ်ရှိတဲ့ ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာများ ကူညီပံ့ပိုးပေးတဲ့ အခုလိုအလုပ်ရုံဆွေးနွေးပွဲမျိုး ကျင်းပပြုလုပ်နိုင်တဲ့အတွက် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဦးတည်ချက်တို့နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မိမိတို့ဒေသနဲ့ ကိုက်ညီတဲ့ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ပို့ကုန်တင်ပို့မှုမှာလည်း တိုးတက်လျက် နိုင်ငံခြားဝင်ငွေများကိုရှာဖွေပေးလျက်ရှိကြောင်း၊ ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲမှ ရလာဒ်ကောင်းများကို ဖော်ထုတ်ရရှိချက်များမှ မွန်ပြည်နယ်၏ အမယ်သစ်သီးနှံဝဥ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများတွင် များစွာအထောက်အကူပြုနိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကျော်သူက ဝဥအသင်းဖွဲ့စည်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏အကြံပေး ဒေါ်စန္ဒာမျိုးက ဝဥ၏ နိုင်ငံတကာဈေးကွက်အခြေအနေအား ရှင်းလင်းတင်ပြကာ အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ဝဥထွက်ကုန်ကြမ်းများကို အခြေခံ၍တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)