မော်လမြိုင် အောက်တိုဘာ ၁၇
မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၄၈)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်သူနာပြု သင်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/ သူများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှချမှတ်ထားတဲ့ ကျန်းမာရေးမူဝါဒများနဲ့အညီ ပြည်သူကိုကျန်းမာရေးစောင့်ရှောက်မှုပြည့်ဝစွာ ပေးနိုင်ရန်အတွက် လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွင်း အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီးများကို ဝင်ခွင့်ခေါ်ယူခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသား/ သူများကလည်း သင်တန်းကျောင်းမှ ပေါင်းစပ်ညှိနှိုင်း သင်ကြားပေးတဲ့ပညာရပ်များကို ကြိုးစားလေ့လာသင်ယူကြပြီး သင်တန်းကာလ ပြီးဆုံးတဲ့ကာလမှာ နိုင်ငံနဲ့လူမျိုးကိုအကျိုးပြုတဲ့ သူနာပြုသားဖွားကောင်းများ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍ မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်မဲ့ ဘက်စုံထူးချွန်သော ကိုယ်ရည်ကိုယ်သွေးမြင့်မားသော သူနာပြုလောင်းမှသည် သူနာပြုကောင်းများ ပေါ်ထွန်းလာပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်ကြပါစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အပတ်စဉ်(၄၈) သူနာပြု ဒီပလိုမာသင်တန်းသား/သူများအား တာဝန်ရှိသူများက အမျိုးသားကုတ် အင်္ကျီနှင့်သူနာပြုဦးဆောင်း ချီးမြှင့်အပ်နှင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုများရရှိကြသော သင်တန်းသား/သူများအား ဆုများအသီးသီးချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/ သူများက သူနာပြုကျင့်ဝတ်ရွတ်ဆို၍ “ဂရုဏာအလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေး၍ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)