ကျောက်တလုံးကြီးမြို့ တပူးရွေးဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးစံတော်မူသော “‌ဖောင်တော်ဦးမြတ်စွာဘုရား” ဗုဒ္ဓပူဇနိယပွဲတော်နှင့် စုပေါင်းဒါန ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ကျောက်တလုံးကြီး အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ တပူးရွေးဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးစံတော်မူသော “‌ဖောင်တော်ဦးမြတ်စွာဘုရား” ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲမှစ၍ တပူးရွေးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ ကျောက်တလုံးကြီးမြို့အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ပစ္စည်းလေးပါးဒါယကာများ၊ ဧည့်ပရိတ်သတ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သက်တော်ထင်ရှား မြတ်စွာဘုရားအား ရည်မှန်း၍ ပစ္စည်းလေးပါးဒါယကာ တပူးရွေးကျောင်းဒကာများနှင့် ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များက တပူးရွေးစံကျောင်းတော်တွင် သီတင်းသုံးတော်မူသော “ဖော်တော်ဦးမြတ်စွာဘုရား”ကို ဆီမီး၊ နံ့သာ၊ ဆွမ်း၊ သစ်သီးဆွမ်း၊ ခဲဖွယ်ဘောဇဉ် ချိုချဉ်အရသာအဖြာဖြာတို့ဖြင့် ဆပ်ကပ်လှူဒါန်းကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အား တည်ခင်းဧည့်ခံခဲ့သည်။

ထို့နောက် ‌ကျောက်တလုံးကြီးမြို့ တပူးရွေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် တရားတော်များအား နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ ကျောက်တလုံးကြီးမြို့ တပူးရွေးဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးစံတော်မူသော “‌ဖောင်တော်ဦးမြတ်စွာဘုရား” ဗုဒ္ဓပူဇနိယပွဲတော်နှင့် စုပေါင်းဒါန  ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို နှစ်စဉ် သီတင်းကျွတ်လဆန်း(၃)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိကြောင်း သိရသည်။

သန္တာဝင်း(ပြန်/ဆက်)