ရန်ကုန် အောက်တိုဘာ ၁၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် DRM and Anticipation in Fragile Contexts in Myanmar Program မှ ပြုလုပ်သည့် ဈေးကွက်လေ့လာဆန်းစစ်ခြင်း (နည်းပြ) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်က အမှာစကားပြောကြားခဲ့ပြီး ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Mr. Finbarr Sweeney (German Red Cross Country Representative) က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
အခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Mr. Finbarr Sweeney (German Red Cross Country Representative)၊ ဖင်လန်နိုင်ငံကြက်ခြေနီအသင်းမှ Ms. Cristine Denise Alvelino (Finnish Red Cross Country Manager) တို့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းများ၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဈေးကွက်လေ့လာဆန်းစစ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးအတွက် နည်းလမ်းဖော်ထုတ်ရန် ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာခြင်းများ၊ ဈေးကွက်မြေပုံရေးဆွဲခြင်းနှင့် အစီရင်ခံစာရေးသားခြင်းတို့နှင့်တကွ Rapid Assessment for Market tools များအား လက်တွေ့အသုံးချဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း(၆)ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၇)ဦး တက်ရောက်လျှက်ရှိကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)