ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသဘင်ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်လူငယ်မောင်မယ်များနှင့် အနုပညာချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က ပြိုင်ပွဲကျင်းပပြီးစီးခဲ့မှုနှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့မှုများကို Video Clip ဖြင့်ပြသပြီး ပြိုင်ပွဲဝင်များ၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုပေးပွဲဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်နိုင်ရေးဦးစီးကော်မတီသို့ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးအလံအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)