ကျောက်မဲမြို့တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်း ထိုးနှံခြင်းအခမ်းအနား ကျင်းပ

ကျောက်မဲ  အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်၌ အိတ်ခ်ျပီဗွီ (HPV) ကာကွယ်ဆေးကိုပါ ထည့်သွင်းထိုးနှံမည့် မြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီ က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးထွန်း က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ခ်ျပီဗွီ (HPV) ကာကွယ်ဆေး ထည့်သွင်းခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည့် ဗီဒီယိုကို ဖွင့်လှစ်ပြသခဲ့သည်။

ထို့နောက် ကျောက်မဲမြို့ပေါ်ရှိ  အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် အမျိုးသမီးများအား ကျန်းမာရေး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ က ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံ နေမှုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ရှု့အားပေးခဲ့ကြပြီး အမျိုးသမီးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။

HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဆေးတစ်မျိုးဖြစ်ပြီး Human Papilloma Virus (HPV) ပိုးကြောင့်ဖြစ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သည့် ကင်ဆာ ရောဂါ များ ကို ကာကွယ်ပေးနိုင်ကြောင်း သိရပြီး ကျောက်မဲမြို့နယ်တွင် HPV ကာကွယ်ဆေးထိုးရန် စာရင်းကောက်ယူ ပြုစုထားမှုအရ အသက်၉နှစ်မှ ၁၀နှစ်အထိ အမျိုးသမီး ၂၀၆၇ ဦး ရှိကြောင်း၊ အဆိုပါအမျိုးသမီးငယ်များကို မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ရပ်ကွက်နှင့် ကျေးရွာအလိုက် သက်ဆိုင်ရာစုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)