မိုင်းလုံ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ စာကောင်းပေကောင်းများဖတ်ပြီး ဘဝကိုကောင်းမွန်စွာဖြတ်သန်းနိုင်ရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စာရေးဆရာ ကျော်သက်ခိုင် (ဆေးတက္ကသိုလ်) ရေးသားထားသော (သက်ကြီးမိဘများအား ပြုစုစောင့်ရှောက်ပေးခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို (Youth Club)အဖွဲ့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက မျိုးဆက်သစ်လူငယ်လူရွယ်များ မိမိတို့မိဘ၊ အဘိုး၊ အဘွားတို့ကို ပြုစုစောင့်ရှောက်ရာတွင် အသုံးဝင်မည့်ပြုစုနည်းများကို စာတွေ့သိရှိစေရန်၊ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ယခုစာဖတ်ဝိုင်းမှ လူငယ်များ မိမိကိုယ်ကို မြင့်မားအောင် ပျိုးထောင်တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကိုပြောကြားပြီး (Youth Club) အဖွဲ့ဝင် နန်းကေသွယ်ဝင်းက "လက်တွေ့ကျသောအကူအညီ"ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးပြီးနောက် နန်းနီလာမိုးနှင့် စိုင်းကြယ်စင်တို့ကလည်း မိမိတို့သိသောအကြောင်းအရာများကို ပြန်လည်ဆွေးနွေးရာ စာဖတ်ဝိုင်းတက်ရောက်သူများကလည်း မိမိတို့သိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)