တာလေ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “လူငယ်နဲ့စာပေ” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များသည် အနာဂတ်၏ အလင်းတန်းများဖြစ်ကြောင်း၊ နိုင်ငံတော်၏ တာဝန်ကို လက်ဆင့်ကမ်း သယ်ပိုးသွားရမည့် နိုင်ငံ့ခေါင်းဆောင်လောင်းများလည်း ဖြစ်ကြောင်း၊ ယခုလူငယ် နောင်ဝယ်လူကြီး ဖြစ်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန် စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုကြစေလိုကြောင်း၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိကာ အသိဉာဏ်ပညာများ ကြွယ်ဝပြည်စုံလာမည် ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)