ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေဟိုတယ်ဆင်းလမ်း တိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ခွဲနေမှု ကြည့်ရှုစစ်ဆေး

စစ်တွေ     အောက်တိုဘာ  ၁၇

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေဟိုတယ်ဆင်းလမ်းအား ပွိုင့်ကမ်းခြေပတ်လမ်းအထိ အဖြောင့်ဖောက်လုပ်မည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ခွဲနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေဟိုတယ်ဆင်းလမ်းအား ပွိုင့်ကမ်းခြေပတ်လမ်းထိ အဖြောင့်ဖောက်လုပ်မည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်က လမ်းတိုးချဲ့ဖောက်လုပ်နိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ပွိုင့်ကမ်းခြေပတ်လမ်းနှင့် စစ်တွေဟိုတယ်ဆင်းလမ်းဆုံးနေရာတွင် လမ်းလယ်ကျွန်းတည်ဆောက်မည့် လျာထားပုံစံတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး လမ်းတိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် လမ်းလယ်ကျွန်းတည်ဆောက်မည့် လျာထားမြေနေရာတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်း၌ MV ROYAL VENUS သင်္ဘောနှင့် အမ်ဗွီဝိရူပက္ခသင်္ဘောများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ တပ်ဖွဲ့ဝင်များအတွက်  လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများသည် အတိုင်းအတာတစ်ခု ထိရောက်ရှိလျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်းများအား လက်ခံခြင်း၊ ဖြန့်ဖြူးခြင်းများကို ကော်မတီအလိုက်ဆောင်လျက်ရှိကြောင်း၊ လက်ရှိတွင်ဆန်နှင့်သစ်များကို အဓိက ဖြန့်ဖြူးလျက်ရှိကြောင်း၊ လက်ခံဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ စာရင်း ဇယားများစနစ်တကျ ပြုစုဆောင်ရွက်ထားရမည်ဖြစ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဆိပ်ကမ်းတွင်ကူညီ ဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအတွက် အာဟာရဖြည့်စွက်စာများနှင့် အလုပ်ရပ်နားချိန်တွင် နားနားနေနေနေထိုင်နိုင်ရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)