မိုင်းယောင်းမြို့နယ်၌ ကျောင်းထိုင်ဆရာတော်များ အစည်းအဝေးကျင်းပ

မိုင်းယောင်း  အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျောင်းထိုင်ဆရာတော်များ အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဂန္ဓရသဝံ​သော အမှူးပြုသော ဆရာတော် သံဃာတော်များ၊ မြို့နယ်ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရှေးဦးစွာ အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက် ဆရာတော်က အစည်းအဝေးနှင့်ပတ်သက်၍ အဖွင့်ဩဝါဒ မြွက်ကြားပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများကို ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် ကြွရောက်လာသည့် ဆရာတော်ကြီးများက ကိုယ်ကျင့်တရား ပိုမိုကောင်းမွန်စေရန်၊ ပိဋကတ်ကျမ်းဂန်နှံ့စပ်စေရန်၊ ပါဠိဘာသာ တတ်မြောက် ကျွမ်းကျင်စေရန်၊ ပရိယတ္တိ ပညာသင်ကြားရေး၊ သံဃာတော်များသည် မိမိတို့၏ ကုသိုလ်ကံအားလျော်စွာ ကျောင်းထိုင်၍ သာသနာပြုရမည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ ဘုရားရှင်၏ အဆုံးအမ သာသနာတော်နှင့်အညီ မိမိ၏အကျိုးစီးပွားနှင့် လောက၏ အကျိုးစီးပွားကို ဆောင်ရွက်ရေး စသည့် သြဝါဒဂါထာများ မိန့်ကြားတော်မူခဲ့ကြကာ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်က နိဂုံးချုပ်ဩဝါဒ မြွက်ကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း