ကျိုင်းလပ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ကောင်းစွာအသုံးချပြီး နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာက သယ်ပိုးထမ်းဆောင်နိုင်ကြစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် “စာဖတ်စွမ်းရည်ပြိုင်ပွဲ”ကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှု့ခြင်းဖြင့် အတွေးအမြင်ဗဟုတုတများ ပိုမိုကြွယ်ဝလာစေရန် ၊ အမှား/ အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် “စာဖတ်စွမ်းရည်ပြိုင်ပွဲ” ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)