မုံးကိုး အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်တွင် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က စာဖတ်ဝိုင်းအတွက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော“ဦးလည်မသုန် ”စာအုပ်မှ စကားခွန်အားဆိုတဲ့ ခေါင်းစဥ်ဖြင့် အပြန်အလှန် ဟောပြော ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မုံးကိုးမြို့အတွင်းရှိ ဒေသခံပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရှိပြီး ရင်းနှီးထိတွေ့မှုများ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင် ပြပွဲခင်းကျင်းပြသခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုပြီး အသိပညာပေး စာဖတ်ဝိုင်ကျင်းပခြင်း၊ ပြည်သူများမှ စာအုပ်၊ စာစောင်များဖတ်ရှုနိုင်စေရန် မြို့ရုံး ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်း၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် မူယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို ဓာတ်ပုံပြခန်းဖြင့် ခင်းကျင်းပြသဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။
မုံးကိုး(ပြန်/ဆက်)