ရသေ့တောင် အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့မွန်းလွဲ ၂ နာရီက တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက် (ယာယီနေရပ်စွန့်ခွာသူများစခန်း) သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက်(ယာယီနေရပ်စွန့်ခွာသူများစခန်း) အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ် ဆေးဘူးစသော မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက် များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)