ငါန်းဇွန် အောက်တိုဘာ ၁၆
အယ်နီညိုနှင့် လာနီညာရာသီဥတုကြောင့် မွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်နိုင်ခြေလျော့နည်းရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်မှ အင်းဂရန်ကိုင် ဦးစိုးသူလွင်၏ နေအိမ်ဝင်းအတွင်း၌ ပြုလုပ်သည်။
အသိပညာပေး ဟောပြောပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ဇေယျက ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်လာမည့် အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် လာနီညာရာသီဥတုဖြစ်စဉ်တို့ကြောင့် ကြုံတွေ့လာနိုင်သည့် ငါးမွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်လာနိုင်သည့် အန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိရမည့် နည်းလမ်းများနှင့် ငါးမွေးမြူရေးကန်များ သိရှိလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူ၊ အင်းဂရန်ကိုင်၊ တင်ဒါလုပ်ကိုင်သူနှင့် ငါးလုပ်ငန်းလုပ်ကိုင်ကြသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)